ဇန်န၀ါရီ၂ ။ ။ ကယားပြည်နယ် လွိုင်ကော်မြို့၏ အရှေ့တောင်ဘက်တွင် တည်ရှိသော ဘီလူးချောင်းပေါ်ရှိ ရေတံခွန်အဆင့်ဆင့်ကိုအခြေခံတည်ဆောက်ထားသော တတိယ နှင့်နောက်ဆုံးအဆင့် ရေအားလျှပ်စစ်စက်ရုံဖြစ်သည့် ဘီလူးချောင်းအမှတ်(၃)ရေအားလျှပ်စစ်စက်ရုံအား မကြာမီဖွင့်လှစ်သွားမည်ဖြစ်သည်။
ဘီလူးချောင်းအမှတ်(၃)ရေအားလျှပ်စစ်စက်ရုံမှာ ဘီလူးချောင်းအမှတ်(၂)ဓာတ်အားပေးစက်ရုံမှထွက်ရှိသည့်ရေနှင့် ဘီလူးချောင်းမှရေအချို့ ကို ရေသွယ်မြောင်းဖြင့် သွယ်ယူပြီး ၄ဒသမ၃ကီလိုမီတာရှည်လျားသော ရေသွယ်ဥမင်လိုဏ်မှတဆင့် ရေထိန်းကန်ဖိအားမြှင့်ပိုက်နှင့် ဓာတ်အားပေးစက်ရုံများဆီသို့ပို့လွှတ်၍ လျှပ်စစ်ဓာတ်အားကို ထုတ်ယူသွားမည်ဖြစ်သည်။
ယခုအခါ ဘီလူးချောင်းအမှတ်(၃) ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှာ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးပြီဖြစ်သောကြောင့် စမ်းသပ်လည်ပတ်လျက်ရှိပြီး ၂၀၁၅ ဇန်န၀ါရီလမှစ၍ စက်ရုံမှ ထွက်ရှိမည့်ဓာတ်အားများကို ဘီလူးချောင်းအမှတ်(၂) ရေအားလျှပ်စစ်ဓာတ်အားခွဲရုံသို့ ပေးပို့ပြီး ထိုဓာတ်အားခွဲရုံမှတဆင့် မြန်မာတစ်ပြည် လုံးကို ပေးပို့ဖြန့်ဖြူးသွားမည်ဟု သိရသည်။