အင်အားပြင်းငလျင်လှုပ်ခတ်မှု့ကြောင့် တန်ခိုးကြီးဘုရား စေတီပုထိုးများ ပြိုကျပျက်စီး

မြန်မာနိုင်ငံအလယ်ပိုင်းတွင် သြဂုတ်လ၂၄-ရက် ညနေ ၅နာရီ ၄မိနစ်၅၅စက္ကန့်တွင် လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် ပုဂံဒေသတွင် စေတီပုထိုး ၁၉၀-ခန့်ပြိုကျပျက်စီးမှု့ ဖြစ်ပေါ်ခဲ့ပြီး မန္တလေးတိုင်း၊မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ စေတီပုထိုးများလည်း ပျက်စီးမှု့ ဖြစ်ပေါ်ခဲ့သည်။
ငလျင်ကြောင့် ပျက်စီးခဲ့သည့်လောကထိပ်ပန်ဘုရား
“သြဂုတ်လ၁၅-ရက်အထိကောက်ယူရရှိခဲ့တဲ့ စာရင်းတွေအရ ပုဂံဒေသမှာ စေတီပုထိုး၁၈၈-ဆူ ငလျင်ကြောင့် ပျက်စီးထိခိုက်မှု့ရှိခဲ့ပါတယ်။” ဟု သာသနာရေးနှင့် ယဉ်ကျေးမှု့ဝန်ကြီးဌာနမှ ဦးအောင်လင်းက ပြောကြားသည်။အလားတူမကွေးတိုင်းဒေသကြီးရှိ ပခုက္ကူ၊ချောက် (စလေ)၊ မင်းလှ၊ ရေနံချောင်းမြို့တို့ရှိ စေတီပုထိုးများလည်း ပျက်စီမှု့ရှိခဲ့ပြိး ပခုက္ကူမြို့တွင် ဘုရား၆-ဆူ ပျက်စီးမှု့ရှိခဲ့သည်။
“ကျွန်မတို့ နတ်မောက်နဲ့ရေနံချောင်းကြားမှာရှိတဲ့ ရှင်ပင်ကျော်လှိုင်ဘုရားဆိုရင် ထီးတော် မြေခသွားပါတယ်။ အရံစေတီလေးတွေပါ ထိခိုက်မှု့ရှိခဲ့ပါတယ်။ “ ဟုနတ်မောက်ဒေသခံ မမိုးမိုးသင်းက ပြောသည်။
“စစ်ကိုင်းတိုင်းဒေသထဲက စေတီပုထိုး ၇-ဆူ ပျက်စီးမှု့ရှိခဲ့ပါတယ်။” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထိုအပြင် ရခိုင်ပြည်နယ်၊ မြောက်ဦးဒေသမှ ရတနာမာန်အောင်စေတီအပါအ၀င် ရှေးဟောင်းဘုရားစေတီ၃ဆူ ပျက်စီးခဲ့ကြောင်းသိရသည်။